Monday, March 14, 2016

အဘိဓမ္မာ ​လေ့လာသူသည်​ ---- ​ဒေါက်​တာမင်းတင်​မွန်

"အဘိဓမ္မာကို ဆည်းပူးလေ့လာသူသည်"

(က) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ် အဖြစ်များရန် နှလုံးသွင်းနိုင်လာသည်။

(ခ) စိတ်ကို ခြယ်လှယ်နေသော စေတသိက်တရားများ၏ သဘောကို သိနားလည်လာသောအခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ် စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာသည်။ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ စသော ကုသိုလ် စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာသည်။

(ဂ) ရုပ်၊ နာမ် တို့ကို ပိုင်းခြား၍ သိသောသူသည် အတ္တ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ တို့ကို ကာလ အပိုင်းအခြားအားဖြင့် ပယ်ခွာထားနိုင်၏။

(ဃ) ရုပ်၊ နာမ် တရား တို့၌ ဥာဏ်မျက်စိကန်းနေသော အန္ဓပုထုဇဉ် အဖြစ်မှ ရုပ်နာမ် တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်၏။

(င) ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ ဖြစ်ပေါ်လာသော တရားများ မဟုတ်၊ ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားတို့ တည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဥာဏ် ကိုလည်း ရရှိလာနိုင်၏။

ထိုဥာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ကိုလည်းကောင်း၊ ထာဝရဘုရား စသော တန်ခိုးရှင်တို့က ဖန်ဆင်းသည်ဟူသော ဣသရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းရှင်ဝါဒ) ကိုလည်းကောင်း ပယ်စွန့်နိုင်၏။

ထို့ပြင် အလုံးစုံကိုသိမြင်နိုင်သော ဗုဒ္ဓမြတ်စွာ ဟူသည် တကယ်ရှိနိုင်ပါ့မလား၊ ငါသည် ရှေးကဖြစ်ခဲ့ဖူးသလား၊ နောင်ဘ၀ တဖန်ဖြစ်ရလေမည်လား စသည့် ယုံမှားမှုအားလုံးကို ကျော်လွှားနိုင်၏။

ဤကဲ့သို့ သက္ကာယဒိဋ္ဌိနှင့် ယုံမှားမှု ၀ိစိကိစ္ဆာတို့ကို ကြာရှည်စွာ ပယ်ရှားထားနိုင်သော ပုဂ္ဂိုလ်သည် သောတပန်နှင့် အလားတူသဖြင့် စူဋ္ဌသောတပန် ဖြစ်ပြီဟု ဆိုနိုင်သည်။ ဤ ပုဂ္ဂိုလ်သည် နောက်ဘ၀၌ ဧကန်မုချ အပါယ် မလားတော့ချေ။

ဤ အဆင့်သို့ ရောက်ပြီးသောသူသည် ဆက်လက်၍ ၀ိပသနာ တရားကို အားထုတ်ပါက မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် သို့ မကြာမတင် ဧကန်မုချဆိုက်ရောက်နိုင်ပါသည်။
-----------------------------------------------------------------------------------------------
ဒေါက်တာမင်းတင်မွန်၏ တက္ကသိုလ် အဘိဓမ္မာပေါင်းချုပ်၊ စာမျက်နှာ ၃၈- ၃၉ မှ

ကံ = သင်္ခါရ (​ဒေါက်​တာနန္ဒမာလာဘိဝံသ)

✔ ✔ ✔ ကံ = သင်္ခါရ ✔ ✔ ✔
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
                               
              ❆ ❆ ❆ ❆ #စေတနာကို ဘာကြောင့်

`ကံ´ လို့ ခေါင်းစဉ်တပ်ရလဲ ဆိုတော့ စေတနာတွေက

အားလုံးကို စုပေးတဲ့ သဘောရှိတယ်။ organizer ပေါ့

သဘာဝတရားတွေကို စုစည်းပေးတာ ။ စုည်းပေးလိုက်

ရင် Energy စွမ်းအင်သတ္တိ ရမယ်။ သူကိုယ်တိုင်

ကလည်း စွမ်းရည်သတ္တိရှိတယ်။ အခြား သဘာဝ

တရားတွေကိုလည်း စွမ်းဆောင်မှု ရှိလာအောင်

စွမ်းအားတွေ ပေးတယ်။ စေတနာကို vilition လို့ ခေါ်

သော်လည်း တကယ်ခေါ်သင့်တာက stimulation

ဖြစ်တယ်။ အားလုံး စွမ်းအားတွေထက်လာအောင် စု

စည်းပေးတဲ့ သဘော။ စွမ်းအားတွေ စုမိတာကြောင့်

စိတ်ကတွေးမှု မနောကံ ၊ နှုတ်ကပြောမှု ဝစီကံ ၊ ကိုယ်

ထိလက်ရောက် ပြုမှု ကာယကံတွေ ပေါ်လာတယ်။

           အဲဒီလို ကမ္မ ဆိုတဲ့ ပြုလုပ်မှုတွေ ပေါ်လာစေ

တတ်လို့ စေတနာကို ကမ္မ လို့ ခေါ်လိုက်တာ။ အားလုံး

စိတ်ရဲ့တွေးခေါ်မှုကိုသာ အမှီပြု ရတာ။ ဒါကြောင့် ကံ

ဟာ မြေလွှာနဲ့ တူတယ် လို့ဟောတာ။

★ ★ #ဥပစိတ ကမ္မ

        ` #ဥပစိတ ကမ္မ ဘာဝေ ၊ ဝိပါက ဘာဝတော ´

ဥပစိတကမ္မ ဆိုတာ အကျိုးပေးမဲ့ အနေအထားထိ အင်

အားရှိနေတဲ့ ကံမျိုးကိုခေါ်တာ ။ အချို့ကံက အကျိုးပေး

နိုင်လောက်တဲ့ အင်အား မရှိတာ ထင်ရှားပါတယ်။

သစ်ပင်က အသီးနုနု လေးတွေ ကြွေသွားတဲ့ အခါ

အစေ့က မရင့်သေးတော့ အပင်မပေါက်နိုင်ဘူး။

ကံမှာလည်း ထို့အတူပဲ အကျိုးပေးနိုင်လောက်အောင်

မရင့်ကျက်သေးရင် ဥပစိတကမ္မ လို့မခေါ်ဘူး။

ကံတိုင်းဟာ အကျိုးမပေးနိုင်ဘူး။ ဆိုပါစို့- ပဋ္ဌာန်းမှာ

#ကမ္မပစ္စယောလို့ ဟောတဲ့အခါ သဟဇာတ ကမ္မ အ

နေနဲ့ စေတနာတိုင်းကို ကမ္မလို့ဟောတယ်။ ဒီနေရာမှာ

တော့ ဒီလိုမဟုတ်ဘူး။ အကုသိုလ် စိတ်တွေနဲ့ ယှဉ်တွဲ

ဖြစ်လာတဲ့ စေတနာ၊ ကုသိုလ်စိတ်တွေနဲ့ ယှဉ်တွဲဖြစ်

တဲ့စေတနာကိုပဲ ကမ္မလို့ ပြောတာ။

         #သင်္ခါရပစ္စယာ ဝိဉာဏံ မှာ ဝိပါတ်မှာ ယှဉ်တဲ့

စေတနာ ကြိယာမှာ ယှဉ်တဲ့ စေတနာတွေ ဟာ သင်္ခါရ

ဆိုတဲ့ ကံ ထဲမှာမပါဘူး။

         စေတနာဆိုတာ စိတ်နဲ့ ယှဉ်တွဲဖြစ်ရတာ။ စိတ်

တခု စေတနာတခု သာမာန်စိတ်တွေ မှာ ရှိတဲ့စေတနာ

က စွမ်းအားဒီလောက်မရှိဘူး။ ကုသိုလ် အကုသိုလ်

စိတ်တွေမှာ ရှိတဲ့ စေတနာကျတော့ စွမ်းအားတွေ

Energy တွေ ရှိလာတယ်။ အဲဒီအရှိန်အဟုန်တွေက

ကံတရား အနေနဲ့ ဘုန်းကြီးတို့ သဏ္ဍာန်မှာ

accumulate ဖြစ်လာတယ် စုမိလာတယ် ဥပစိတံ-

စုဆောင်းမိသွားပီ။

✔ ✔ #ကံတရားတွေက ဖြစ်ပြီး ဘယ်နေရာမှာ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

စုမိနေလဲ?
❀ ❀ ❀❀

      ဦးနောက်ထဲမှာလား? နှလုံးသား ထဲမှာလား?

ဦးနှောက်ထဲမှာဆိုရင် လူသေရင် ဦးနှောက်သေသွား

မယ်။ တချို့ဆို ရင်လူမသေခင် ဦးနှောက်သေတဲ့ လူ

တွေရှိတယ်။ နှလုံးသားထဲမှာစုမိနေတယ် ဆိုရင် နှလုံး

အစားထိုးလဲလှယ်လိုက်တဲ့အခါ ကံတရားတွေပြောင်း

ကုန်မှာပေါ့။ ဒါ့ကြောင့် ကံရဲ့စွမ်းရည်သတ္တိဟာ

ဦးနှောက်တို့ နှလုံးသားတို့လို ရုပ်တရားထဲမှာ မဟုတ်

ဘူး။ ဘယ်မှာလဲ ဆိုရင် #စိတ္တသန္တတိ လို့ခေါ်တဲ့ စိတ်

ဖြစ်စဉ်လေး မှာရှိတယ်။ စိတ်ဖြစ်စဉ်ဆိုတာ Non stop

ဘယ်တော့မှ မရပ်ဘူး။ တခုပြီး တခု ဖြစ်နေတာ။

            စိတ်ဖြစ်စဉ် ရပ်သွားတာ ၂ နေရာပဲရှိတယ်။

နိရောဓသမာပတ် ဝင်စားတဲ့ အခါရယ်၊ အသညသတ်

ဘုံရောက်တဲ့အခါရယ် ခေတ္တရပ်သွားတာပဲရှိတယ်။

          စိတ်အစဉ်ဆိုတာ တွန်းအားပေးသွားတာ။

ပထမစိတ် မှာရှိတဲ့ စေတနာရဲ့ စွမ်းအင်တွေဟာ ပထမ

စိတ်ချုပ်သွားတာနဲ့ ဒုတိယစိတ် ၊ ဒုတိယစိတ်ချုပ်ရင်

တတိယစိတ်၊ ချုပ်ရင် စတုတ္ထစိတ်၊ ဒီလိုနဲ့ ခုခေတ်

စကားနဲ့ပြောရရင် online ပေါ့။ ကိုယ့် line ထဲမှာ

ဒီစေတနာ ကံ တရားတွေ ဖြစ်နေတာလို့ ပြောလို့

ရတယ်။

  ဒီလို online အနေနဲ့ ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ကြီး တခု

တည်းမှာ ရှိနေတဲ့ သင်္ခါရ လို့ဆိုတဲ့ ကံတရားတွေက

ဘဝသစ်တခု အစပြုပြီး ထုတ်လုပ်ပေးနိုင်တာကို

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက

#သင်္ခါရ ပစ္စယ ဝိဉာဏံ လို့ ဒီလိုဟောတာနော်။

ဒေါက်တာနန္ဒမာလာဘိဝံသ- ပါချူပ်ဆရာတော်ဘုရားကြီး - ပဋိစ္စသမုပ္ပါဒ် ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာ
သုံးသပ်ခြင်း တရားတော်။

ဣဋ္ဌ အနိဋ္ဌ အခွဲ နှနှင့်ဝိပါက်​အမှန်​​ဇော အပြန်​......Aung Aung Zaw

ဣဋ္ဌအနိဋ္ဌအခွဲနှင့်ဝိပါက်အမှန်ဇောအပြန်သေချာ
ဖတ်မှတ်ပေးကြပါ။
--------------------

ဣဋ္ဌာရုံ အနိဋ္ဌာရုံ
°°°°°°°°°°°°°°°°°
ပဉ္စဝိညာဏ်အစ တဒါရုံအဆုံးရှိသော ဝိပါက်စိတ်
များ၏ ကုသလဝိပါက်ဖြစ်ရခြင်း,အကုသလဝိပါက်
ဖြစ်ရခြင်း,သောမနဿနှင့်ယှဉ်ရခြင်း,ဥပေက္ခာနှင့်
ယှဉ်ရခြင်းတို့မှာ ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌာရုံများနှင့်
ဆက်သွယ်၍ ဖြစ်ကြရ၏ ၊ ထို့ကြောင့် တွေ့မြင်
သမျှ အာရုံတို့၌ ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲဟု
ကွဲကွဲပြားပြား ခွဲခြားနိုင်ဖို့ ရှေးဦးစွာ အရေးကြီး၏ ၊
ထို့သို့ခွဲခြားရာ၌ "ဣဋ္ဌာနိဋ္ဌာရမဏံ ပန ပါဋိယေက္ကံ
ဝိဘတ္တံ အတ္ထီတိ ၊ ကဿ ဝသေန ဝိဘတ္တံတိ ၊
မဇ္ဈိမကသတ္တဿ" ဟု ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ ဆို၏ ၊
ဆိုလိုရင်းကား- "ပြည့်ရှင်မင်းစသော အထက်တန်း
လူ(နတ်)တို့သည် ရိုးရိုးထမင်း ဟင်းလျာစသည်
ကိုပင်(ဣဋ္ဌဖြစ်ပါလျက်)မနှစ်သက်နိုင်ကြ ၊အလွန်
အောက်ကြသောလူ(တိရိစ္ဆာန်)တို့ကား ထမင်းသိုး
ဟင်းပုတ်များကိုပင် (အနိဋ္ဌမှန်ပါလျက်) ဣဋ္ဌ
ထင်နေကြ၏ ၊ ထို့ကြောင့် ဣဋ္ဌ အနိဋ္ဌအာရုံကို
အလတ်တန်းစား လူအများ၏ အလိုအားဖြင့်
ခွဲခြားရမည်ဟု ဆိုလိုသည်။
ထို့ကြောင့် အလတ်တန်းစားလူတို့၏ အလိုအား
ဖြင့် ကောင်းသောရူပ,သဒ္ဒ, စသည့်အာရုံများသည်
ဣဋ္ဌတည်း ၊ တွေ့ကြုံခဲလှသော ဘုရားရှင်၏
အဆင်းတော် အသံတော် စသည်နှင့် ယောက်ျား
မိန်းမတို့၏ အလွန်ကောင်းသော အဆင်းအသံ
စသည်ကား အတိဣဋ္ဌတည်း ၊ ကျင်ကြီး ကျင်ငယ်
အလောင်းကောင်နှင့် မကောင်းဆိုးဝါးသော အသံ
အနံ့အရသာ အတွေ့တို့သည် အနိဋ္ဌတည်းဟု
ခွဲခြားရာ၏ ၊ [ဣစ္ဆိတဗ္ဗံ-အလိုရှိထိုက် ရှာမှီးထိုက်၏၊
ဣတိ-ထို့ကြောင့် ဣဋ္ဌံ-မည်၏ ၊ န+ဣဋ္ဌံ အနိဋ္ဌံ-
ဣဋ္ဌမဟုတ်,(ဣဋ္ဌ၏ ပြောင်းပြန်)။]
---------------------------------------------
ထေရဝါဒ
°°°°°°°°°°
ပြခဲ့သော ဣဋ္ဌ အနိဋ္ဌအခွဲသည် အဋ္ဌကထာလာ
သမာနဝါဒတည်း ၊ တိပိဋက စူဠာဘယထေရ်ကား
"ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ"ဟု
ဆို၏ ၊ ဆိုလိုရင်းကား - ဣဋ္ဌာရုံ အနိဋ္ဌာရုံဖြစ်
ကြောင်းကို ဝိပါက်စိတ်ဖြင့် ပိုင်းခြားရမည် ၊
ဣဋ္ဌာရုံနှင့်တွေ့လျှင် (ဇောမှာ သောမနဿ ဥပေက္ခာ ဒေါမနဿ စောချင်ရာ စောပေစေ)
ပဉ္စဝိညာဏ်စသော ဝိပါက်စိတ်မှာ ဧကန်
ကုသလဝိပါက်သာတည်း ၊ အနိဋ္ဌာရုံနှင့်တွေ့လျှင်
အကုသလဝိပါက်သာတည်း ၊ တိတ္ထိတို့သည်
ဘုရား တရား သံဃာနှင့် မဟာစေတီစသည်ကို
မြင်ရ ကြားရလျှင် မျက်စိနှင့်နားကို ပိတ်လျက်
ဒေါသထွက်ကြ၏ ၊ သို့ရာဝယ် ထိုအတိဣဋ္ဌာရုံ
ဖြစ်သော ဘုရားစသည်ကို မြင်ရ ကြားရခြင်းသည်
ရှေးကုသိုလ်ကံကြောင့် ဖြစ်ရကား ကုသလဝိပါက်
စိတ်များ ဖြစ်၏ ၊ ဒိဋ္ဌိဝိပ္ပလ္လာသကြောင့်သာ
အတိဣဋ္ဌာရုံကို အနိဋ္ဌာရုံ ထင်လျက် ဒေါသဇော
စောကြရှာလေသည် ။
ထို့ပြင် ရွာဝက်တို့သည် မစင်နံ့ရလျှင် အလွန်
ပျော်ရွှင်ကြ၏ ၊ သို့သော် မစင်ကို မြင်ရ နံရ စားရ
တွေ့ထိရမှုတို့မှာ အကုသလဝိပါက်တို့ချည်းသာ
တည်း ၊ အကုသိုလ် ကံကြီးက ဖန်တီးလိုက်သည့်
အတွက် အနိဋ္ဌာရုံကို ဣဋ္ဌာရုံထင်ကာ ပျော်ရွှင်အား
ရ သောမနဿဇောတွေ စောနိုင်ကြသည် ၊
သခင်တို့က ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာ
ပေါ်၌ တင်ထားအပ်သော ဝက်ကြီးသည်
စိတ်မသက်သာအော်မြည်ရှာ၏ ၊ သို့သော်
ကောင်းမြတ်သော အိပ်ရာကို တွေ့ထိရမှုမှာ
ကုသလဝိပါက်သာတည်း ၊ မျိုးဇာတ်အလိုက်
အကုသိုလ်ကံကြောင့်သာ သညာဝိပ္ပလ္လာသ
ဖြစ်လျက် ဒေါသ ဒေါမနဿဇော စောကာ
အော်မြည်ရှာလေသည် ၊ ဤသို့လျှင်
"ဣဋ္ဌာရုံ အနိဋ္ဌာရုံအဖြစ်ကို ဝိပါက်စိတ်ဖြင့်
ခွဲခြားရမည် , ဇောဖြင့် မခွဲခြားရ "ဟု မိန့်ဆိုအပ်
သော ထေရဝါဒကို အဋ္ဌကထာဆရာလည်း
ထောက်ခံ ဖွင့်ပြပေသည်။
ထိုမှတစ်ပါး ဒွါရနှင့်စပ်သဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ
အခွဲကို မှတ်သင့်သေး၏ ၊ ချဲ့ဦးအံ့- ပျော့ပျော့
ပျောင်းပျောင်း အတွေ့ကောင်းသော မစင်သည်
ကာယဒွါရ၌ ဣဋ္ဌ ,စက္ခုဒွါရ ဃာနဒွါရတို့၌
အနိဋ္ဌတည်း ၊ ပတ္တမြားဖြင့် ဦးခေါင်းကို ပေါက်ခွဲ
ရာ၌ ထိုပတ္တမြားကို မြင်ရသော စက္ခုဒွါရ၌ ဣဋ္ဌ,
အထိခံရသော ကာယဒွါရ၌ အနိဋ္ဌတည်း ၊ အချို့
ဝတ္ထုများကား ကာလအလိုက် ဣဋ္ဌ အနိဋ္ဌ ကွဲပြား
သေး၏ ၊ ချဲ့ဦးအံ့- မီးသည် ချက်ပြုတ်လိုရာအခါ
ဆောင်းအခါတို့၌ ဣဋ္ဌ ,နွေအခါ၌ အနိဋ္ဌတည်း၊
ရေသည် သောက်လိုရာအခါ နွေအခါတို့၌ ဣဋ္ဌ,
ဆောင်းအခါတို့၌ အနိဋ္ဌတည်း ၊ အချို့ပန်း၌
အဆင်းသည် ဣဋ္ဌ , အနံ့ကား အနိဋ္ဌတည်း ၊
ဤသို့ စသည်ဖြင့် ဣဋ္ဌ အနိဋ္ဌအဖြစ်ကို အလတ်
စားပုဂ္ဂိုလ်အားဖြင့်လည်းကောင်း , ဝိပါက်စိတ်
အားဖြင့်လည်းကောင်း , ဒွါရအားဖြင့်လည်းကောင်း
, ကာလအားဖြင့်လည်းကောင်း ,အဆင်းအနံ့
စသောအားဖြင့် လည်းကောင်း အမျိုးမျိုး ခွဲခြားရမည်။
အလတ်စားတန်း,ပုဂ္ဂိုလ်မှန်းလျက်,ဝိပါက်-ဒွါရ,
ချိန်ကာလနှင့် ရူပ-ဂန္ဓာ,နှိုင်းချင့်ကာဖြင့်,
အနိဋ္ဌာလော,ဣဋ္ဌာလော,စစ်ကြော တွေ့တိုင်းပင်။
----------------------------------------------
သဘာဝ ပရိကပ္ပအခွဲ
°°°°°°°°°°°°°°°°°°°°°
ဣဋ္ဌ အနိဋ္ဌ အာရုံနှစ်မျိုးလုံးပင် "သဘာဝ,ပရိကပ္ပ"
ဟု နှစ်မျိုးစီ ကွဲပြားပြန်၏ ၊ အလတ်တန်းစားပုဂ္ဂိုလ်
၌ ဝိပါက် ဒွါရ ကာလစသည်တို့ ဖြင့် ခွဲပြအပ်ခဲ့သော
အာရုံများသည် သဘာဝဣဋ္ဌာရုံ သဘာဝအနိဋ္ဌာရုံ
များတည်း ၊ "ပင်ကိုသဘောအတိုင်း အလိုရှိထိုက်/
မရှိထိုက်သောအာရုံများ" ဟူလို ၊ အထက်တန်း
ပုဂ္ဂိုလ်များနှင့် သလိပ် သည်းခြေ သွေးလေဖောက်
ပြန်နေသော ဂိလာန ,အရူး စသူတို့က ဣဋ္ဌာရုံကို
မလိုလားနိုင်ကြ ၊ ကောင်းမွန်သော အစာအာဟာရ
ကိုပင် ဂိလာနစသူတို့က အနိဋ္ဌာရုံဟုသာ ထင်မှတ်
ကြလေသည် ၊ ထိုသူတို့ ထင်မှတ်အပ်သော
ဣဋ္ဌာရုံသည် ပရိကပ္ပအနိဋ္ဌာရုံမည်၏ ၊ "သူတို့၏
စိတ်အကြံအားဖြင့် အနိဋ္ဌာရုံ" ဟူလို ၊, ကျီး လင်းတ
စသည်တို့နှင့် ယခင် ဂိလာန အရူးစသူတို့သည်
မစင်, ခွေးကောင်ပုတ်, မကောင်းသောအစာ,
အဝတ်စုတ်စသော အနိဋ္ဌာရုံကို ဣဋ္ဌာရုံဟု
ထင်မှားကြပြန်၏ ။ ထိုထင်မှားအပ်သော အနိဋ္ဌာရုံ
များသည် ပရိကပ္ပဣဋ္ဌာရုံမည်၏ ၊ နတ်သမီးစသော
အတိဣဋ္ဌာရုံများကို ဘုန်းကံနည်းပါးသူတို့၌
အနိဋ္ဌာရုံထင်မှတ်လျက် မူးမေ့တွေဝေခြင်း ,
ဘုရားရှင်စသော အတိဣဋ္ဌာရုံကိုပင် ဒိဋ္ဌိဝိပလ္လာသ
ဖြစ်နေကြသော တိတ္ထိစသူတို့က အနိဋ္ဌာရုံဟု
ထင်မှတ်ခြင်း စသည်တို့လည်း ပရိကပ္ပအနိဋ္ဌာရုံ
များပင်တည်း ။
-----------------------------------------------
ဝိပါက်အမှန်
°°°°°°°°°°°°°
ဝိပါက်စိတ်တို့၌ အာရုံအားလျော်စွာ သောမနဿ
ဥပေက္ခာ ဝေဒနာ ယှဉ်ပုံမြဲသည်ကို "ဝိပါက်အမှန်"
ဟု ခေါ်၍ ,ဇောစိတ်တို့၌ အာရုံအားလျော်စွာ
ဝေဒနာယှဉ်ပုံ မမြဲသည်ကို "ဇောအပြန်"ဟု
ပြောစမှတ်ပြုကြသည် ၊ ချဲ့ဦးအံ့- သဘာဝဣဋ္ဌာရုံ
အတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ
တွေ့ကြုံရသောကြောင့် သဘာဝဣဋ္ဌာရုံနှင့်
တွေ့ကြုံသောအခါ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တရဏ တဒါရုံများဖြစ်၍ ,သဘာဝအတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် သောမနဿ သန္တီရဏ တဒါရုံများဖြစ်ကြ၏ ၊
သဘာဝအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ၌ကား
အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ
တဒါရုံများ ဖြစ်ကြသည် ၊ (ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်းတို့မှာ ဝေဒနာအားဖြင့် အကွဲအပြားမရှိ ၊)
ဤသို့ ဝိပါက်စိတ်များ၌ အာရုံအလိုက် ဝေဒနာ
ယှဉ်ပုံ မှန်ကြောင်းကို ရည်သန်၍ "ဝိပါက်အမှန်"
ဟု ပြောစမှတ်ပြုကြသည် ၊ "သဗ္ဗထာပိ ပနေတ္ထ
အနိဋ္ဌေ၊ပေ၊သောမနဿသဟဂတာနေဝ"ဟူ
သောသင်္ဂြိုဟ်၌လည်း ဤအဓိပ္ပာယ်များပါဝင်သည်။
-----------------------------------------
ဇောအပြန်
°°°°°°°°°°°
စိတ်ဖောက်ပြန်မှုဟူသော စိတ္တဝိပလ္လာသ,အမှတ်
မှားမူဟူသော သညာဝိပလ္လာသ, အယူမှားမှုဟူ
သော ဒိဋ္ဌိဝိပလ္လာသ မကင်းကြသော ပုထုဇဉ်နှင့်
ရှေ့ ဝိပလ္လာသနှစ်မျိုး မကင်းသေးသော
သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ဖြစ်လေ့ရှိသော
ကုသိုလ်ဇော အကုသိုလ်ဇောများသည် တစ်ခါတစ်ရံ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ၌ သောမနဿဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော,အနိဋ္ဌာ
ရုံ၌ ဒေါသဇော ဖြစ်လေ့ရှိ၏ ၊ တစ်ခါတစ်ရံ၌ကား
ထိုဝိပလ္လာသတို့ကြောင့်သော်လည်းကောင်း,
အနိဋ္ဌာရုံကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ်ကံ
ပါလာသောကြောင့်လည်းကောင်း,ဘုရားစသော
အတိဣဋ္ဌာရုံ၌ တိတ္ထိတို့မှာ ဒေါသဇောစောကြ
လေ၏ ၊ မစင် ခွေးကောင်ပုပ်စသော အနိဋ္ဌာရုံ၌
ကျီး လင်းတတို့မှာ သောမနဿဇော စောကြ၏ ၊
ထိုဘုရားစသော အတိဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့၌
ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူတို့မှာ ဥပေက္ခာဇော စောကြ၏ ၊ ဤသို့လျှင်
ကုသိုလ် အကုသိုလ်ဇောတို့၏ အာရုံသဘောကို
အခါခပ်သိမ်းမလိုက်ရောဘဲ ဝေဒနာယှဉ်ပုံ
ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ "ဇောအပြန်" ဟု ပြောစမှတ်ပြုကြလေသည်။
ဣဋ္ဌာနိဋ္ဌ,တိဣဋ္ဌတို့,တွေ့ရသောအခါ,ဝေဒနာလား,ဝိပါကတုံ,အာရုံသဘော,မြဲလိုက်ရော၏၊
ဇော စောချိန်ကျ , ထိုခဏမှု,မုချဆက်ဆက်,
မှန်မထွက်၍,ဝိပါက်အမှန်,ဇောအပြန်သည်,
ကျမ်းဂန် မိန့်ခွန်းအစဉ်တည်း။
-----------------------------------------------
ဣဋ္ဌအနိဋ္ဌရောရာ၌အာရုံယူပုံ
°°°°°°°°°°°°°°°°°°°°°°°°°°°°
အရာဝတ္ထုတစ်ခု၌ကား ဣဋ္ဌ အနိဋ္ဌရောလျက်ရှိ
တတ်၏ ၊ ထိုသို့ ရောနေရာ၌ ထင်ရှားသော
အာရုံကိုသာ အာရုံပြုနိုင်ပေသည် ၊ ဥပမာ-ဆင်ပျံတော် မြင်းပျံတော်ရတနာတို့၌ ပဋိသန္ဓေက
အဟိတ် ပဋိသန္ဓေဖြစ်သောကြောင့် မူလအထည်
ကိုယ် ပုံသဏ္ဍာန်သည် ဧကန်အနိဋ္ဌာရုံတည်း ၊
သို့သော် ပဝတ္တိအကျိုးကို ပေးမည့် ကုသိုလ်ကံ
ကြောင့် လှပသော အရေအဆင်း အသံစသည်
ဖြစ်ပေါ်လာပြန်သဖြင့် ထိုပဝတ္တိကမ္မဇ ဣဋ္ဌရုပ်တွေ
က မူလအနိဋ္ဌာရုံကို ဖုံးလွှမ်းလျက်ရှိ၏ ၊ နှီးဖြင့်ပြု
လုပ်၍ နွားချေးသုတ်အပ်သော အရုပ်ကလေး၌
ပိုးဖဲ ကတ္တီပါစသော ဣဋ္ဌာရုံတွေ မွမ်းမံချယ်လှယ်ထားသကဲ့သို့တည်း ၊ ဤကဲ့သို့ ဣဋ္ဌ နှင့် အနိဋ္ဌ
ရောနှော၍ နေရာဝယ် မြင်ရကြားရသူတို့၏
စက္ခုဝိညာဏ်စသည်တို့မှာ အပေါ်ယံ ဣဋ္ဌာရုံများ
ကိုသာ အာရုံပြုရသဖြင့် ကုသလဝိပါက်တွေသာ
ဖြစ်ခွင့်ရှိကြတော့သည် ၊ မူလ ဣဋ္ဌဖြစ်သော
လူ့ခန္ဓာကိုယ်ဝယ် မဖွယ်မရာ နူနာစသည် စွဲကပ်
နေရာ၌ အနိဋ္ဌာရုံကိုသာ အာရုံပြုရပုံကိုလည်း
ချဲ့ထွင်ကြည့်ပါ။

{သင်္ဂြိုဟ်ဘာသာဋီကာ}

သုံးရက်မျှအချိန်လုပြီးရေးခဲ့ရတဲ့ဤကောင်းမှု
ကြောင့် မိမိသိရှိသဘောပေါက်ထားသလို
တပါးသူအား စိတ်ရှည်သည်းခံ၍ လျင်မြန်စွာ
နားလည်လွယ်နိုင်သော ပြောဆိုနိုင်သူဖြစ်ရပါလို၏။(AAZ)
Credit by Aung Aung Zaw

ခန္ဓာ နှင့်​ဥပါဒါနက္ခန္ဓာ

ခန္ဓာနှင့်ဥပါဒါနက္ခာ ဒေသနာအထူး။
လောကီဖြစ်စေ လောကုတ္တရာ ဖြစ်စေ ခန္ဓာဖွဲ့ကောင်းသမျှတရားများကို သိမ်းကြုံးပြတော်မူခြင်းငှါ ခန္ဓာ့ ဒေသနာကို ပထမဟောတော်မူသည်။
ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းရာ၌ကား လောကုတ္တရာ တရားများကို အာရုံပြု၍ မစီးဖြန်းရ ၊ ဝဋ်ဒုက္ခတရားများကို အာရုံပြု၍ စီးဖြန်းမှ အနိစ္စဒုက္ခအနတ္တသဘော ထင်မြင်နိုင်မည်။
လောကုတ္တရာ စိတ်စေတသိက်သည် အနိစ္စဒုက္ခ အနတ္တတရား၌ ပါဝင်သောသင်္ခါရများပင် ဖြစ်လင့်ကစား မဂ်တရားတို့က ဝဋ် ဒုက္ခ မှ ထွက်မြောက်ကြောင်း ဖိုလ်တရားတို့က ဒိဋ္ဌဓမ္မနိဗ္ဗာန် စံဖို့အကြောင်း အကောင်းချည်းသာဖြစ်၍၊ ဝိပဿနာ ရှုလျှင်လည်း နိဗ္ဗန္ဒဉာဏ်ဖြင့်ငြီးငွေ့ရန်မဟုတ်ချေ။
ထို့ကြောင့် ကမ္မဋ္ဌာန်းရှုသောအခါ လောကီ ခန္ဓာ ကိုသာရှုရသည်။ ဤသို့လျှင် ဝိပဿနာ ရှုရန်အကျိုးငှါ လောကီသက်သက် ဥပါဒါနက္ခန္ဓာ ဒေသနာကို တစ်ဖန်ဟောတော်မူရပြန်သည်။

အရှင်ဇနကာဘိဝံသ
သဂြိုဟ်ဘာသာဋီကာ။

ဥပါဒါနက္ခန္ဓာ မှတ်​စု ➳ အရှင်​ပညာသီရိ

( ဥပါဒါနက္ခန္ဓာ မှတ်စု)
******************

ဥပါဒါနက္ခန္ဓာကို ပြောဖို့အတွက် အရင်ဆုံး ဥပါဒါန် ဆိုတာကို ပြောမယ်။

(၁) ဘုသံ အာဒိယန္တီတိ ဥပါဒါနာ၊ ဒဠှဂ္ဂါဟံ ဂဏှန္တီတိ အတ္ထော။
     မလွှတ်နိုင်ဘဲ မြဲမြံပြင်းပြစွာ ယူတတ် ၊ စွဲလမ်းတတ်သော သဘောတရားသည် ဥပါဒါန်မည်၏။( အဋ္ဌသာလိနီ ၊ ဋ္ဌ ) ( လူသေလူဖြစ်- ဝိ - ၁၀၁၇ )

(၂) ဥပါဒါနံ - ဥပါဒါန်ဆိုသည်မှာ ၊ တဏှာဒိဋ္ဌိဘေဒတော - တဏှာနှင့်ဒိဋ္ဌိ အပြားအားဖြင့် ၊ ဒုဝိဓံ - နှစ်ပါး အပြားရှိ၏။(ဝိသုဒ္ဓိမဂ်မဟာဋီကာ)( ဥပါဒါနက္ခန္ဓာရှင်းချက် -ဆရာတော် ဦးကုဏ္ဍလ- ၃၅)

စွဲလမ်းတတ်တာမှာ မာနစွဲ၊ တဏှာစွဲ၊ ဒိဋ္ဌိစွဲလို့ အစွဲသုံးမျိုးရှိတယ်။

(၃) ( က) မာနသည် အစွဲသာမည်၍ ဥပါဒါန် သမုဒယသစ္စာမည်။
      ( ခ ) ဒိဋ္ဌိသည် အစွဲ ဥပါဒါန် နှစ်မည်ရ၍ သမုဒယသစ္စာမည်။
      ( ဂ ) လောဘသည် အစွဲ ဥပါဒါန် သမုဒယသစ္စာ ဟူ၍ သုံးမည်ရ၏။ ( ဓမ္မနီတိ- ဝိ - ၁၄၅ )

ဒါကြောင့်စွဲလမ်းတတ်တဲ့ တဏှာ၊ ဒိဋ္ဌိ ကိုသာဥပါဒါန်ခေါ်တယ်။ သမုဒယသစ္စာလည်း ဖြစ်တယ်။

ဥပါဒါန်လေးမျိုးရှိတယ်။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့ဖြစ်တယ်။

(၄) တတ္ထ ကတမံ ကာမုပါဒါနံ။ ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသိနေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမမဇ္ဈော သာနံ။ ဣဒံ ဝုစ္စတိ ကာမုပါဒါနံ။
ဝတ္ထုကာမဟု ခေါ်ဆိုအပ်သော လိုချင်ဖွယ်အာရုံတို့၌ လိုလားနှစ်သက် တပ်မက်စွဲလမ်းသော တဏှာ( လောဘစေတသိက်) သည် ကာမုပါဒါန် မည်တယ်။

တတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ။ နတ္ထိ ဒိန္နံ။ ပ ။ ဣဒံ ဝုစ္စတိ ဒိဋ္ဌုပါဒါနံ ဌပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါ နဉ္စ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ။
သီလဗ္ဗတုပါဒါန်နှင့် အတ္တဝါဒုပါဒါန် ဒိဋ္ဌိနှစ်မျိုးမှကြွင်းသော မှားသောအယူ အားလုံးသည် ဒိဋ္ဌုပါဒါန်မည် တယ်။

တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ။ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သုဒ္ဓိ။ ပ ။ ဝိပရိယာသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ သီလဗ္ဗတုပါဒါနံ။
ခွေး နွား စသည်တို့၏ အလေ့ကျင့်ကို (ဝါ) အလေ့ကျင့်မှား ဟူသမျှကို ကိလေသာစင်ကြယ်ကြောင်း အကျင့်ကောင်း အဖြစ်ဖြင့် မှားယွင်းစွာစွဲလမ်းတတ်သော အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် သီဗ္ဗတုပါဒါန်မည် တယ်။

တတ္ထ ကတမံ အတ္တဝါဒုပါဒါနံ။ ဣဓ အဿုတဝါ ပုထုဇ္ဇနော။ ပ ။ မိစ္ဆတ္တံ တတ္ထာယတနံ ဝိပရိယာသဂ္ဂါဟော။ ဣဒံ ဝုစ္စတိ အတ္တဝါဒုပါဒါနံ။
ခန္ဓာငါးပါးတွင် တစ်ပါးပါးကို မပျက်မစီး အမြဲတည်နေသော အနှစ်သာရအမာခံ သဘောတရားသည်
အတ္တဟု အမြင်မှားမှု ဒိဋ္ဌိစေတသိက်သည် အတ္တဝါဒုပါဒါန်မည်၏။ ( အဘိ၊ ၁၊ ၂၄၁)( လူသေလူဖြစ် - ဝိ - ၁၀၁၈)

ဥပါဒါန်လေးပါးကို တရားကိုယ်ကောက်တော့ တဏှာ၊ ဒိဋ္ဌိ သာရတယ်။

စွဲလမ်းတတ်တဲ့တရား ဥပါဒါန် ကိုတော့ သိရပြီ။ ဘာတွေကို စွဲလမ်းတာလဲ ဆိုတာထပ်လေ့လာမယ်။ ဥပါဒါန်ကစွဲလမ်းတတ်တဲ့တရားတွေကို ဥပါဒါနက္ခန္ဓာခေါ်တယ်။

ဥပါဒါနက္ခန္ဓာ ဆိုတာဘာလဲ။

(၅) ဥပါဒါနက္ခန္ဓာ တိ ဧတ္ထ စ ဥပါဒါနဂေါစရာ ခန္ဓာတိ ဧဝ မေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော။( အဘိ၊ ဋ္ဌ၊ ၂ နှာ-၂၉၊ ပဋိသံ၊ ဋ္ဌ ၊၁။ ၁၃၈)
ဥပါဒါနက္ခန္ဓာဟူသော ဤဝေါဟာရ၌ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာတို့ဟူ၍ အနက်အဓိပ္ပါယ်ကို မှတ်အပ်၏။( ဓမ္မနီတိ - ဝိ - ၂၀၅ )

(၆) ဥပါဒါနက္ခန္ဓာဟူသည် ပဋိသမ္ဘိဒါမဂ် ဖွင့်ဆိုခဲ့သည့်အတိုင်း တဏှာ - ဒိဋ္ဌိ ဟူသော ဥပါဒါန်တို့၏ အာရုံဖြစ်၍ အတိတ်ဥပါဒါန်ကြောင့် ဖြစ်လာသော ခန္ဓာငါးပါးတို့ပင်တည်း။( မိုးကုတ် - ဝိ - ၁၆၄)

(၇) ဥပါဒါနေဟိ အာရမ္မဏကရဏဝသေန ဥပါဒါတဗ္ဗာ ခန္ဓာ ဥပါဒါနက္ခန္ဓာ။
အာရမ္မဏကရဏဝသေန - အာရုံပြုသောအစွမ်းအားဖြင့် ၊ဥပါဒါနေဟိ - ဥပါဒါန်တို့သည်၊ ဥပါဒါတဗ္ဗံ - စွဲလမ်းအပ်ကုန်သော (ဝါ) ဥပါဒါန်၏အစွဲကိုခံရကုန်သော၊ ခန္ဓာ - ခန္ဓာတို့သည်၊ ဥပါဒါနက္ခန္ဓာ - ဥပါဒါနက္ခန္ဓာ မည်၏။( အံ ၊ ဋီ၊ ၂၃၉ )( ဥပါဒါနက္ခန္ဓာရှင်းချက် - ၂၁)

(၈) ကတမေ စ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ၊ ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာအနာဂတပစ္စုပ္ပန္နံ။ ပ ။ ယံ ဒူရေ သန္တိကေဝါ သာသဝံ ဥပါဒါနိယံ။ အယံ ဝစ္စတိ ရူပုပါဒါနက္ခန္ဓာ။ ( ခန္ဓဝဂ္ဂသံယုပါဠိ - ၃၉)
ရဟန်းတို့…အဘယ်တရားတို့သည် ပဉ္စုပါဒါနက္ခန္ဓာမည်ကုန်သနည်း။ အလုံးစုံသော အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော။ ပ ။ အဝေးလည်းဖြစ်သော အနီးလည်းဖြစ်သော အကြင်ရုပ်သည် အာသဝေါတရားတို့၏ အာရုံဖြစ်၏။ ဥပါဒါန်၏ အစီးပွားဖြစ်၏။ ဤရုပ်အပေါင်းကို ရူပုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။

(၉) တေ ရာသဋ္ဌေန သဗ္ဗေပိ ခန္ဓေသု ပဝိဋ္ဌာ၊ တေဘူမကာ ပနေတ္ထ သာသဝဋ္ဌေန ဥပါဒါနက္ခန္ဓေသု ပဝိဋ္ဌာ။ ( ခန္ဓဝဂ္ဂသံယုတ် ဋ္ဌ - ၂၄၉ )
ထိုအလုံးစုံသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် အစုဟူသော အနက်ကြောင့် ခန္ဓာတို့ ၌ ဝင်ကုန်၏။ ထိုခန္ဓာတို့တွင် ဘုံသုံးပါး၌ ဖြစ်ကုန်သော လောကီခန္ဓာတို့သည် အာသဝတို့နှင့်တကွဖြစ်သော ကြောင့် ( ဝါ ) အာသဝေါတရားတို့၏ အာရုံဟူသော အနက်ကြောင့် ဥပါဒါနက္ခန္ဓာတို့၌ ဝင်ကုန်၏။
   ( ၈ + ၉=ကျောက်သင်္ဘောဝါဒ - ဝိ- ၂၈၇ )

အဖွင့်များစွာရှိသေးတယ်။

အချုပ်အားဖြင့်ပြောရရင် တဏှာ၊ ဒိဋ္ဌိ အစရှိ အာသဝေါတရားတို့၏ အာရုံဖြစ်သော၊ အစွဲလမ်းခံ ဖြစ်သော လောကီခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာ ဖြစ်တယ်။

တဏှာ၊ဒိဋ္ဌိ အာရုံထိုက်တဲ့ တရားရှိရင် တဏှာ၊ ဒိဋ္ဌိ အာရုံမထိုက်တဲ့ တရားဆိုတာလည်း ရှိရမယ်။

ရှိတယ်။ မဂ်စိတ်လေးပါး၊ ဖိုလ်စိတ်လေးပါး၊ ထိုမဂ်ဖိုလ်မှာယှဉ်သော စေတသိက်တရားများ၊ နိဗ္ဗာန်တို့ ဖြစ်တယ်။

တဏှာ၊ဒိဋ္ဌိ တို့ရဲ့ အာရုံပြုအစွဲလမ်းခံတရားတွေဖြစ်တဲ့ လောကီခန္ဓာငါးပါးကို ဥပါဒါနိယ တရားလို့ ခေါ်သလို အာသဝေါတရားတို့အာ အာရုံဖြစ်လို့ သာသဝ လို့လဲခေါ်သေးတယ်။

တဏှာ၊ဒိဋ္ဌိ တို့နဲ့ အာရုံပြုလို့မရတဲ့ တရားကို အနုပါဒါနိယ တရားလို့ခေါ်တယ်။ အနာသဝ တရားတွေဖြစ်တယ်။ တဏှာ၊ဒိဋ္ဌိ အစရှိ အာသဝေါတ ရားတို့ အာရုံပြုခြင်းငှာမစွမ်းနိုင်တဲ့ တရားတွေကို ခန္ဓာဖွဲ့ရင် မဂ်စိတ်လေးပါး၊ ဖိုလ်စိတ်လေးပါး၊ ထိုမဂ်ဖိုလ်မှာယှဉ်သော စေတသိက်တရားများရတယ်။ နဗ္ဗာန်ကို ခန္ဓာဖွဲ့လို့မရဘူး။ တဏှာ၊ ဒိဋ္ဌိ အစရှိ အာသဝေါ တရားတို့ရဲက အာရုံမထိုက်တဲ့ တရားတွေကို အနုပါဒါနိယ တရားလို့ခေါ်ပြီး အနုပါဒါနက္ခန္ဓာ လို့ပြော ကြတယ်။( မှတ်ချက်၊ ၊ ပဋိကတ်မှာတော့ အနုပါဒါနက္ခန္ဓာလို့ တိုက်ရိုက်အသုံးမရှိကြောင်းသိရတယ်၊ ဝိနိစ္ဆယအဖွဲ့ ကလည်း အနုပါဒါနက္ခန္ဓာ သုံးထားလို့ ထည့်ရေးလိုက်တယ်။)

ဒီတော့ တဏှာ၊ဒိဋ္ဌိ ဥပါဒါန်အစရှိ အာသဝေါတရားတို့ရဲ့ အာရုံဖြစ်တဲ့ လောကီတရား၊ တဏှာ၊ဒိဋ္ဌိ ဥပါဒါန် တရားတို့အာရုံမဟုတ်တဲ့ လောကုတ္တတရားတွေကို ပေါင်းစုပြီးတော့ မြတ်စွာဘုရားရှင်က ခန္ဓာ ဆိုပြီး ဟောလိုက်တယ်။

(၁၀) သဗ္ဗေ သဘာဂ ဓမ္မသင်္ဂဟတ္ထံ ဟိ သာသဝါ အနာသဝါပိ ဓမ္မာ အဝိသေသတော ပဉ္စက္ခန္ဓာတိ ဒေသိ တာ။ ဝိပဿနာ ဘူမိသန္နဿနတ္ထံ ပန သာသဝါဝ ဥပါဒါနက္ခန္ဓာတိ။( ဋီကာကျော် ၂၂၉)
အလုံးစုံသော သဘောတူရာတရားတို့ကို သိမ်းယူခြင်းအကျိုးငှာ မြတ်စွာဘုရားသည် အာသဝေါတရား တို့၏ အာရုံဖြစ်သော လောကီတရားတို့ကို လည်းကောင်း၊ အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကုတ္တရာ မဂ်ဖိုလ်တရားတို့ကို လည်းကောင်း သာမညအားဖြင့် ပဉ္စက္ခန္ဓာဟု ဟောကုန်၏။ ဝိပဿနာရှု ဉာဏ်၏ အရှုခံအာရုံတရားကို ပြခြင်းအကျိုးငှာ အာသဝေါတရားတို့၏ အာရုံဖြစ်သော လောကီခန္ဓာတို့ကိုသာ ဥပါဒါနက္ခန္ဓာတို့ဟု ဟောကြားအပ်ကုန်၏။ ( ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရ - ဝိ - ၁၂၃)

တရားကိုယ်ခွဲကောက်ရင် ခန္ဓာ ဆိုရင် လောကီ ရုပ်နာမ်၊ လောကုတ္တရာမဂ်ဖိုလ် အားလုံးပါပြီး ဥပါဒါနက္ခန္ဓာ ဆိုရင် လောကီရုပ်နာမ်သာ ကောက်ရတယ်။

ဥပါဒါနက္ခန္ဓာထဲမှာ တဏှာ၊ဒိဋ္ဌိ ဆိုတဲ့ ဥပါဒါန်တရားတွေလည်း ပါနေတယ်။

(၁၁) ဥပါဒါန်ဟူသည် လောဘနှင့် ဒိဋ္ဌိဖြစ်သည်။ ဥပါဒါနက္ခန္ဓာ ဟူသည် လောကီစိတ် (၈၁) စေတသိက် (၅၂) ရုပ် (၂၈) ဟူသော ခန္ဓာငါးပါးဖြစ်သည်။ ထိုတွင် ရုပ် ၂၈ ပါးသည် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနာစေတသိက် သည် ဝေဒနုပါဒါနက္ခန္ဓာ၊ သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ၊ ကျန်စေတသိက် ၅၀ သည် သင်္ခါရုပါဒါနက္ခန္ဓာ၊ လောကီစိတ် ၈၁ သည် ဝိညာဏုပါဒါနက္ခန္ဓာ ဖြစ်သည်။( သင်္ခါရုပါဒါနက္ခန္ဓာဖြစ်သည့် စေတသိက် ၅၀ တွင် လောနှင့် ဒိဋ္ဌိ ပါဝင်နေသည်ကို သိပါ)။ ထို့ကြောင့် လောဘနှင့်ဒိဋ္ဌိတည်းဟူသော ဥပါဒါန် သည် ဥပါဒါနက္ခန္ဓာငါးပါးမဟုတ်၊ သင်္ခါရုပါဒါနက္ခန္ဓာ၏ အစိတ်ပိုင်းမျှသာဖြစ်သည်။ ဥပါဒါနက္ခန္ဓာငါးပါးကို ကြဉ် ဖယ်ထားလိုက်လျှင်လည်း ဥပါဒါန်ဟု မရှိနိုင်သည်ကို သိရာ၏။
လောဘနှင့်ဒိဋ္ဌိ သည် ဥပါဒါန်လည်းဖြစ်သည်။ ဥပါဒါနက္ခန္ဓာလည်း ဖြစ်သည်။ လောဘနှင့်ဒိဋ္ဌိ မှကြွင်း သော လောကီခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာသာဖြစ်သည်။ ဥပါဒါန်မဖြစ်။ ဤကား မြတ်စွာဘုရား၏ အလိုတော် တည်း။ (လူသေလူဖြစ် - ဝိ - ၇၈၇)

ဥပါဒါနက္ခန္ဓာကို ပြောတဲ့အခါ "ဥပါဒါန ပစ္စယာ ဘဝေါ "- အရ အတိတ်ဥပါဒါန်၊ကံကြောင့် ရရှိလာတဲ့ခန္ဓာကိုလည်း ဥပါဒါနက္ခန္ဓာ အဖြစ်ပြောကြသေးတယ်။

(၁၂)ကံကြောင့်ဖြစ်လာတဲ့ခန္ဓာကို ဥပါဒါနက္ခန္ဓာ ဆိုတာထက် ဥပါဒိန္နက္ခန္ဓာ လို့သာခေါ်ကြတယ်။
ဥပါဒိန္နက္ခန္ဓာဆိုတာ -
အာရမ္မဏ ကရဏဝသေန တဏှာ ဒိဋ္ဌိဟိ ဥပေတေန၊ ကမ္မုနာ အာစိန္န ဖလဘာဝေန ဂဟိတာဟိ ဥပါဒိန္နာ။
ယေ ဓမ္မာ - အကြင်တရားတို့သည်၊ အာရမ္မဏ ကရဏဝသေန - အာရုံပြုသောအစွမ်းအားဖြင့်၊ တဏှာ ဒိဋ္ဌိ ဥပါဒါန်တို့သည်၊ ဥပေတေန - ကပ်အပ်သော၊ ကမ္မုနာ - ကံသည်၊ အာစိန္နဖလဘာဝေန ဂဟိတာ - အကျိုး၏ အဖြစ်ဖြင့် ယူအပ်ကုန်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ တေ ဓမ္မာ -ထိုတရားတို့သည်၊ ဥပါဒိန္နာ - ဥပါဒိန္န မည်ကုန်၏။( အဋ္ဌသာလိနီ ၈၄) ( ဥပါဒါနက္ခန္ဓာရှင်းချက် ၂၄)

(၁၃) ကံကြောင့် ဖြစ်တဲ့ ခန္ဓာကိုသာ ဥပါဒါနက္ခန္ဓာလို့ပြောရင် ဣနြေ္ဒနဲ့ မစပ်တဲ့ အနိန္ဒြိယဗဒ္ဓ ရုပ်များဖြစ်တဲ့ သစ်ပင်၊ တော၊ တောင်၊ အိမ်၊ ကား ၊ အစရှိတဲ့ သက်မဲ့ရုပ်တွေဟာ ဥပါဒါနက္ခန္ဓာထဲ မပါသလိုဖြစ်နေတယ်။ တော၊ တောင်၊ အိမ်၊ ကား၊ သက်မဲ့ရုပ်တွေကိုလည်း တဏှာ၊ဒိဋ္ဌိ နဲ့စွဲလမ်းနိုင်တဲ့အတွက် ဥပါဒါနက္ခန္ဓာ တွေဖြစ်နေတယ်။ ဒါကြောင့် ကံကြောင့် ဖြစ်တဲ့ရုပ်တွေကို ဥပါဒိန္နက္ခန္ဓာလို့ ပြောတယ်။
ဒီတော့ ဥပါဒါနက္ခန္ဓာ ထဲမှာ သက်ရှိ လောကီ ရုပ်၊ နာမ်၊ သက်မဲ့ ရုပ် တွေအားလုံးပါပြီး၊ ဥပါဒိန္နက္ခန္ဓာ ထဲမှာ သက်ရှိ ရုပ်နာမ် ကိုပဲယူတယ်။
ဥပါဒိန္နက္ခန္ဓာ ကနယ်ကျဉ်းတယ်၊ ဥပါဒါနက္ခန္ဓာက နယ်ကျယ်တယ်။( ဥပါဒါနက္ခန္ဓာရှင်းချက် ၂၅)

ဝိပဿနာရှုတဲ့အခါ လောကီခန္ဓာငါးပါးကိုသာ ရှုရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တဏှာ၊ဒိဋ္ဌိ အစရှိ အာသဝေါတရားတွေနဲ့ စွဲလမ်းတတ်လို့ဖြစ်တယ်။ လောကုတ္တရားတွေကို ဝိပဿနာရှုလို့မရဘူး။

(၁၄) မရဘူးမရောက်ဘူးသေးသော ထိုလောကုတ္တရားတို့သည် ပုထုဇဉ်တို့အား သဘာဝလက္ခဏာ စသည်ဖြင့် အမှန်အတိုင်းမထင်ကုန်၊ အရိယာတို့မှာ အမှန်အတိုင်း သိကုန်သောလည်း ထိုလောကုတ္တရာတရား တို့ကို ရှုခြင်းသည် အကျိုးမရှိချေ။
လောကီတရားတို့ကို ရှုခြင်းသည် ထိုတရားတို့၌ နိစ္စ၊ သုခ၊ အတ္တ၊ ဟု စွဲလမ်းသော ကိလေသာတို့ကို ကင်းစေနိုင်ခြင်း အကျိုးရှိ၏။ လောကုတ္တရာတရားတို့၌ကား ထိုသို့စွဲလမ်းသော ကိလေသာပင်မရှိချေ။ ထို့ကြောင့် ထိုတရားတို့ကို ရှုသော်လည်း ကိလေသာကို ပယ်နိုင်ခြင်းအကျိုး မရှိသည်သာတည်း။ ( ကျောက်သင်္ဘောဝါဒ- ဝိ -၃၁၃ )

ဒီလောက်ဆိုရင် ဥပါဒါန်၊ ခန္ဓာ၊ ဥပါဒါနက္ခန္ဓာကို ခွဲခြားနားလည်လို့ရပြီဖြစ်တယ်။ ဝိပဿနာရဲ့ အာရုံတရားဟာ ဥပါဒါနက္ခန္ဓာ သာဖြစ်တယ် ဆိုတာလည်းသိပြီဖြစ်တယ်။

ခန္ဓာဖွဲ့လို့မရတဲ့ နိဗ္ဗာန် ၊ ပညတ် တွေကို ဝိပဿနာရှုမရဘူးဆိုတာလည်းသိပြီဖြစ်တယ်။ ခန္ဓာဖွဲ့လို့ ရပေမယ့် တဏှာ၊ဒိဋ္ဌိ တို့ရဲ့ အစွဲလမ်းခံမဟုတ်တဲ့ လောကုတ္တရာ မဂ်၊ဖိုလ် ကိုလည်းဝိပဿနာ မရှုရကြောင်း ခွဲခြားနားလည်ပြီဖြစ်ပါတယ်။

ဒါဆိုရင် ဝိပဿနာအာရုံ ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ အပေါ်မှာ သံသယ ကင်းရှင်းလောက်ပြီ်ဖြစ်ပါတယ်။

" လောကီခန္ဓာ ၊ သက်သက်မှာ ၊ ဥပါဒါနက္ခန် " (လယ်တီဆရာတော် - သဂြိုဟ်သံခိပ်)

မှတ်ချက် ။ ။ ဝိ = ဝိနိစ္ဆယကျမ်း

အရှင်ပညာသီရိ ( ရမ္မာကျွန်း )

သမ္ပတ္တိ ဝိပ္ပတ္တိ

✔ သမ္ပတ္တိ ဝိပ္ပတ္တိ ✔
★ ★ ★ ★ ★ ★

      ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို #သမ္ပတ္တိ ဟု
ခေါ်၏။
      ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမှု ကို #ဝိပ္ပတ္တိ
ဟု ခေါ်၏။
      သတ္တဝါတို့ သန္တာန်၌ ရှေးရှေး ဘဝပေါင်းများစွာက
ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေး
ရန် အခွင့်မသင့်၍ အကျိုးမပေး ရသေးသမျှ ခန္ဓာအစဉ်
မှာ အမြဲပါရှိနေသောကြောင့် သမ္ပတ္တိ ဆိုက်နေသောအခါ
ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ဝိပ္ပတ္တိ
ဆိုက်နေသောအခါ အကုသိုလ်ကံ အကျိုးပေးခွင့် သာလေ
သည်။

★ သမ္ပတ္တိ တရား ၄ ပါး။
   
၁။ဂတိသမ္ပတ္တိ - ရရှိသောဘဝ ကောင်းခြင်း ။
၂။ဥပဓိသမ္ပတ္တိ - ရုပ်အဆင်း လှပခြင်း။
၃။ကာလ သမ္ပတ္တိ - အခါကာလ ကောင်းခြင်း။
၎။ပယောဂ သမ္ပတ္တိ - ဉာဏ် ဝီရိယ စသော ဇွဲ လုံ့လ
                              ရှိခြင်း။

★ ဝိပ္ပတ္တိ တရား ၄ ပါး။

၁။ဂတိ ဝိပ္ပတ္တိ - ရရှိသော ဘဝ မကောင်းခြင်း။
၂။ဥပဓိ ဝိပ္ပတ္တိ - ရုပ်အဆင်း မလှပခြင်း။
၃။ကာလ ဝိပ္ပတ္တိ - အခါကာလ မကောင်းခြင်း။
၎။ပယောဂ ဝိပ္ပတ္တိ - ဉာဏ် ဝီရိယ စသော ဇွဲ လုံ့လ မရှိခြင်း။

Ref အရှင်ဇနကာ ဘိဝံသ။

ကာလဝိမုတ်​ အာရုံ

✔ ✔ ကာလဝိမုတ်အာရုံ ✔ ✔
★ ★ ★ ★ ★ ★ ★ ★

       #ပစ္စုပ္ပန် အတိတ် အနာဂါတ် ကာလ ၃ မျိုးမှ

အလွတ်ဖြစ်သော အာရုံသည် ကာလဝိမုတ် အာရုံမည်၏။

ကာလတော + ဝိမုတ္တံ ကာလဝိမုတ္တံ ။ ဤကာလဝိမုတ်

ဖြစ်သော အာရုံများကား ပညတ် တရားနှင့် နိဗ္ဗာန်တည်း။

ပညတ်သည် နာမပညတ်နှင့် အတ္ထပညတ်ဟုရှိ၏။

ထိုတွင် အများသုံးနှုန်းနေကြသော အမည်များသည်

ဥပါဒ် ဋ္ဌီ ဘင် အားဖြင့် အထင်အရှားမရှိ။ တယောက်က

စထွင်သုံးစွဲ နေကြသောကြောင့် အများက လိုက်သုံး

နေကြခြင်းဖြစ်သည်။ အိမ် ကျောင်း လူ နတ် စသော

အထည်ဒြပ် အတ္ထပညတ် တွေကိုလည်း လောကီလူတို့

အမြင်အားဖြင့် အထင်အရှား ရှိသည် ဆိုရစေကာမူ

လက်ဆုပ် လက်ကိုင်ပြသောအခါ ရုပ် ကလပ်တွေသာ

တွေ့ရ၏။ အိမ်မတွေ့ ကျောင်းမတွေ့ နတ်မတွေ့ ဗြဟ္မာမ

တွေ့ရချေ။ ထို့ကြောင့် ဥပါဒ် ဋ္ဌီ ဘင် အားဖြင့် အထင်အ

ရှား မရှိသော ပညတ်ကို အတိတ် အနာဂါတ် ပစ္စုပ္ပန် ဟု

မဆိုထိုက်။

        #နိဗ္ဗာန် ဟု ဆိုအပ်သော `အငြိမ်းဓာတ်´ တမျိုး

သည် ပရမတ္ထ အားဖြင့် အထင်အရှား ရှိ၏။ သို့သော်

ဖြစ်လျင် ပျက်ရမြဲ ဖြစ်သောကြောင့် ဖြစ်ခြင်းဟူသော

ဥပါဒ် ကား မရှိ။ ပျက်ခြင်းဟူသော ဘင် လည်းမရှိ။

ယခုပြောရိုး ဖြစ်သော ဋ္ဌီလည်း မရှိ။

#သန္တိ (ငြိမ်းအေးခြင်း) သဘောကား အမြဲတည်ရှိ၏။

ဤသို့ ခဏတ္တယ နဲ့ မယှဉ်ရကား ပစ္စုပ္ပန် နိဗ္ဗာန်မရှိ။

ပစ္စုပ္ပန် မရှိလျင် အတိတ် နဲ့ အနာဂါတ် မှာ သာ၍ဝေး

တော့၏။ ထို့ကြောင့် ပညတ်နှင့်နိဗ္ဗာန်ကို ` ကာလဝိမုတ်´

ဟုခေါ်ဆိုရသည်။

အရှင်ဇနကာဘိဝံသ ။