Monday, March 14, 2016

ဘူမိလဒ္ဓုပ္ပန္န

🎆ဘူမိလဒ္ဓုပ္ပန္န
**********
ဘူမိလဒ္ဓမည်သော ကိလေသာတို့သည်ကား အတိတ်တို့လော အနာဂတ်တို့လော သို့မဟုတ် ပစ္စုပ္ပန်တို့လောဟူမူ? ထို ကိလေသာ တို့သည် ဘူမိလဒ္ဓုပ္ပန္နသာလျှင် မည်ကုန်၏။

ချဲ့၍ပြရလျှင် .... ဖြစ်ပေါ်သည်ဟု ခေါ်သော ဥပ္ပန္နသည် (၁) ဝတ္တမာန (၂) ဘူတာပဂတ (၃) သြကာသကတ (၄) ဘူမိလဒ္ဓတို့၏ အစွမ်းအားဖြင့် များသောအပြား ရှိ၏။ ထိုတွင် ဥပါဒ်ဌီဘင်သို့ ရောက်ဆဲဖြစ်သော တရားအလုံးစုံသည် ဝတ္တမာနုပ္ပန္န (ဖြစ်ဆဲဥပ္ပန္န) မည်၏။ အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်လေသောကြောင့် (အနုဘူတာပဂတ) ခံစားပြီး၍ ကင်းသွားသည်ဟု ဆိုအပ်သော ကုသိုလ် အကုသိုလ် တရားသည်၎င်း၊ ဥပါဒ်ဌီဘင်သို့ ရောက်ပြီး၍ ချုပ်လေသောကြောင့် (ဘူတာပဂတာ) ဖြစ်ပြီး၍ ကင်းသွားသည်ဟုဆိုအပ်သော ကြွင်းသောသင်္ခါရတရား အပေါင်းသည်၎င်း ဘူတာပဂတုပ္ပန္န (ခံစားပြီး-ဖြစ်ပေါ်ပြီး၍ ကင်းသွားသော ဥပ္ပန္န) မည်၏။ ''ထိုပုဂ္ဂိုလ်အား ရှေး၌ပြုအပ်ကုန်ပြီးသော အကြင်ကံတို့သည် ရှိကုန် ၏''ဟု ဤသို့ အစရှိသော ဟောနည်းဖြင့် ဟောတော်မူသော ကံသည် လွန်လေပြီးသော အတိတ်တရား ဖြစ်ငြားသော်လည်း တပါးသော ကံ၏အကျိုး ဝိပါက်ကို တားမြစ်ပြီးလျှင် မိမိ၏အကျိုး ဝိပါက်အား အခွင့်ပြုလျက် တည်သောကြောင့်၎င်း၊ ထိုသို့ ခွင့်ပြုပြီးသော ဝိပါက်သည် ဖြစ်ပြီး ဖြစ်ဆဲမဟုတ်ငြားသော်လည်း ဤသို့ ခွင့်ပြုအပ်သည်ရှိသော် ဧကန်စင်စစ်အားဖြင့် ဖြစ်တော့မည် ဖြစ်သောကြောင့်၎င်း သြကာသကတုပ္ပန္န (ပြုပြီးသော ဖြစ်ခွင့်ရှိသောဥပ္ပန္န)မည်၏။ ထိုထို (လူနတ်စသည်တို့၏ ခန္ဓာ ဟူသော) ဖြစ်ရာဘုံ တို့၌ (အရိယာမဂ်ဖြင့်) အကြွင်းမဲ့ မပယ်မနုတ်ရသေးသော အကုသိုလ်သည် ဘူမိလဒ္ဓုပ္ပန္န (ဖြစ်ရာ ဘုံကို ရသောဥပ္ပန္န) မည်၏။

ဆက်၍ ရှင်းလင်းပြဦးအံ့၊ ဤဘူမိလဒ္ဓုပ္ပန္န ဟူသောပုဒ်၌ ဖြစ်ရာဘုံ၏၎င်း၊ ဖြစ်ရာဘုံကို ရသော ကိလေသာ ၏၎င်း ထူးခြားသည်၏ အဖြစ်ကို သိအပ်၏။ ချဲ့၍ ပြရလျှင် .... ဝိပဿနာ၏ အာရုံဖြစ်သော ဘုံသုံးပါး၌ ဖြစ်သော ခန္ဓာ ငါးပါးတရားတို့သည် ဘူမိ-ဖြစ်ရာဘုံ မည်၏၊ ထိုခန္ဓာတို့၌ ဖြစ်ထိုက်သော ကိလေသာ အပေါင်းသည် ဘူမိလဒ္ဓ ဖြစ်ရာဘုံကို ရသော ကိလေသာမည်၏။ မှန်ပေ၏၊ ထိုကိလေသာအပေါင်းသည် ထိုဖြစ်ရာဘုံကို ရ(အပ်)သည် မည်၏။ ထို့ကြောင့် ဘူမိလဒ္ဓဟူ၍ ဆိုအပ်၏၊ ထိုဖြစ်ရာဘုံကိုလည်း အာရုံ၏အစွမ်းအားဖြင့်ရ (အပ်)သည်ကား မဟုတ်ပေ။ အာရုံ၏ အစွမ်းအားဖြင့်မူကား အလုံးစုံသော အတိတ် အနာဂတ် ခန္ဓာတို့ကို၎င်း၊ ရဟန္တာတို့၏ ပိုင်းခြား၍ သိအပ်ပြီးသော်လည်း ဖြစ်သော ခန္ဓာတို့ကို၎င်း အာရုံပြု၍ ကိလေသာတို့သည် ဖြစ်ပေါ်ကုန်၏၊ အဘယ်ကဲ့သို့ နည်းဟူမူ? အရှင်မဟာကစ္စည်း မထေရ်, ဥပ္ပလဝဏ်ထေရီမအစရှိသော ပုဂ္ဂိုလ်တို့၏ ခန္ဓာတို့ကိုအာရုံပြု၍ သောရေယျသူဋ္ဌေး, နန္ဒလုလင်အစရှိသော သူတို့အား ကိလေသာတို့သည် ဖြစ်ကုန်သကဲ့သို့တည်း။ ထို(သူတပါးသန္တာန်၌ ဖြစ်သော ကိလေသာ)သည် ဘူမိလဒ္ဓမည်သည် အကယ် ၍ ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်လျှင် ထိုကိလေသာသည် ပယ်နိုင်သော ကိလေသာ မဟုတ်သောကြောင့် တစုံတယောက်သော ပုဂ္ဂိုလ်မျှ ဘဝ၏ အမြစ်အရင်း ဖြစ်သော ကိလေသာကို မပယ်နိုင်ရာ။ စင်စစ်သော်ကား ဖြစ်ရာဝတ္ထု၏ အစွမ်းအားဖြင့် ဘူမိလဒ္ဓ ကိလေသာကို သိအပ်၏၊ မှန်ပေ၏၊ အကြင် အကြင် သန္တာန်၌ ဝိပဿနာဖြင့် ပိုင်းခြား၍ မသိအပ်ကုန်သော ခန္ဓာ တို့သည် ဖြစ်ကုန်၏၊ ထိုထို သန္တာန်၌ ဖြစ်သည်မှစ၍ ထိုခန္ဓာတို့၌ အမြစ်အရင်းဖြစ်သော ကိလေသာ အပေါင်းသည် ကိန်းသည် မည်၏၊ ထိုကိန်းသော ကိလေသာအပေါင်းသည် မဂ်ဖြင့် မပယ်အပ်သေးသော အနက်သဘောကြောင့် ဘူမိလဒ္ဓ မည်၏ ဟူ၍ သိအပ်၏။

           ဝိသုဒ္ဓိမဂ် မြန်မာပြန် စ- တွဲ။

No comments:

Post a Comment